အလံဖြူပြ လက်နက်ချသူများ
လက်နက်ချမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဥပဒေတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ ပါဝင်နေတဲ့သူတွေကို အကာအကွယ်ပေးဖို့နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။
လက်နက်ချမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဥပဒေတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ ပါဝင်နေတဲ့သူတွေကို အကာအကွယ်ပေးဖို့နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလို နိုင်ငံတကာ ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာခြင်းကြောင့် စစ်သုံ့ပန်းတွေကို လူသားဆန်ဆန် ဆက်ဆံမှုတွေ၊ ထိခိုက်ဒဏ်ရာမရပဲ နေထိုင်နိုင်မှုတွေ၊ ဆေးကုသခွင့်၊ အခြေခံလိုအပ်ချက်နဲ့ လူသားဆန်တဲ့ အခြေအနေနဲ့ နေထိုင်ခွင့်တွေကို ရရှိကြပါတယ်။ ဒါကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပြီဖြစ်ပေမယ့်လည်း တချို့သော မှားယွင်းစွာ ကိုင်တွယ်မှုတချို့ကလည်း ရှိပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (ဂျနီဗာကွန်ဗန်းရှင်း) မှာတော့ လက်နက်ချမှုကို လက်ခံဖို့နဲ့ လက်နက်ချလိုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်တဲ့သူတွေကို တိုက်ခိုက်မှု မပြုရေးအတွက် အကာအကွယ်ပေးဖို့တွေလည်း ဖော်ပြထားပါတယ်။
လက်နက်ချမှုနဲ့ ပတ်သက်ရင် ဥပဒေကြောင်းအရကိစ္စမဟုတ်ပဲ မျက်မြင်ဒိဌ ကြုံတွေ့ကြရတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်နက်ချတဲ့ကိစ္စဟာ လက်နက်ချသူရော၊ လက်ခံရသူတွေအတွက်ပါ အန္တရာယ်ကို မဖြစ်မနေထည့်သွင်းစဉ်းစားရတာရှိပါတယ်။ လက်နက်ချတဲ့သူတွေက ဟန်ဆောင်လက်နက်ချတဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိနိုင်သလို၊ လက်ခံတဲ့ဘက်မှာ ပင်ပန်း၊ ဆာလောင်၊ အံ့အားသင့်နေတဲ့ တိုက်ပွဲဝင်သူတွေကလည်း အခြေအနေအပေါ် ရုတ်တရက်တုံ့ပြန်မိပြီး လက်နက်ချမှုကို မှားယွင်းတုံ့ပြန်မိတတ်ပါတယ်။
လက်နက်ချဖို့အတွက်ကို ဘယ်လိုဆောင်ရွက်ကြရလဲဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ မျိုးမရှိပေမယ့် အလံဖြူထောင်တာ၊ လက်နက်ကို အောက်ချပြီး လက်မြှောက်တာတွေကတော့ ပုံမှန် မြင်နေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ လက်နက်ချဖို့ ရည်ရွယ်ချက်ကို ညွှန်ပြနေတာ ရှင်းလင်းနေပြီဆိုရင်တော့ တဖက်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပစ်ခတ်မှုကို ရပ်စဲရမှာဖြစ်ပါတယ်။
ပိုပြီးရှင်းလင်းစေဖို့အတွက် လက်နက်ချတာကို အဆင့်သုံးဆင့်နဲ့ ပိုင်းခြားပြီး စဉ်းစားကြတာ ရှိပါတယ်။
အဆင့် (၁) လက်နက်ချရန် ကြိုးပမ်းမှု (ရည်ရွယ်ချက်)
ဒီအဆင့်မှာတော့ လက်နက်ချရန် ရည်ရွယ်ချက်ကို တဖက်က ရှုပ်ထွေးမှုမရှိပဲ နားလည်အောင် ရှင်းရှင်းလင်းလင်း ဖော်ပြပေးရမယ့် တာဝန်ဟာ လက်နက်ချမယ့်ဘက်မှာ ရှိပါတယ်။ လက်နက်ကို အောက်ချပြီး လက်မြှောက်ထားတာ၊ အနည်းဆုံး လက်ကိုဝှေ့ရမ်းပြတာမျိုးကို ပြုလုပ်ရပါမယ်။ အခြားသော တင့်ကားနဲ့ ယာဉ်က တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အဓိကအမြှောက်၊ သေနတ်ကို တိုက်ခိုက်သူတွေဘက်ကို မချိန်ရွယ်ပဲ ယာဉ်ပေါ်ပါတဲ့သူတွေက ယာဉ်ပေါ်က ထွက်ခွာစေတာမျိုးလည်း ပြုလုပ်ရမှာဖြစ်ပါတယ်။ လက်နက်ချဖို့ ကြိုးစားတဲ့သူတွေအနေနဲ့ တဖက်က ရှင်းလင်းစွာ နားလည်စေမယ့် နည်းလမ်းမျိုးစုံကို ကြံဆအသုံးပြုရမှာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာတော့ အလံဖြူထောင်ကြတာဟာ ထိရောက်သလို၊ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေအနေနဲ့ အသုံးလည်းများကြတာတွေ့ရပါတယ်။
အဆင့် (၂) လက်နက်ချမှုကို ကိုင်တွယ်ဆောင်ရွက်ခြင်း
လက်နက်ချသူကို မထိန်းသိမ်းခင်နဲ့ ထိန်းသိမ်းပြီးခါစကာလတွေဟာ လက်နက်ချသူအတွက်ရော လက်ခံသူအတွက်ပါ အန္တရာယ်များတဲ့ ကာလတွေဖြစ်ပါတယ်။ ထိန်းသိမ်းမှုမှာ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို လျှော့ချဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ သတိကြီးစွာ ကိုင်တွယ်ကြရပါတယ်။ အချို့သော လက်နက်ချယောင်ဆောင်သူတွေဟာ လက်နက်ကို ဝှက်သယ်လာပြီး ဗုံးခွဲပြီးသော်လည်း ကောင်း၊ အခြားတနည်းနည်းနဲ့သော်လည်းကောင်း တိုက်ခိုက်လာနိုင်တာဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်ဖို့ကတော့ လိုအပ်ပါတယ်။ လက်နက်ချသူဟာ လက်နက်ချမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြထားကြပြီး ဖြစ်ရမှာဖြစ်ပြီး သူတို့ရဲ့ အပြုအမူတွေဟာ စိန်ခေါ်ရာမရောက်တဲ့၊ ရှုပ်ထွေးစေတဲ့ အပြုအမူတွေ မဖြစ်စေသင့်ပါဘူး။
တဖက်ဖက်ကို ချဉ်းကပ်ကြရာမှာ ထိန်းချုပ်ကန့်သတ်မှု ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အင်အား သို့မဟုတ် လက်နက် ကိရိယာ အသုံးပြုမှုကို ခွင့်ပြုပေးနိုင်ပါတယ်။ ထိန်းသိမ်းပြီးနောက်မှာ လက်နက်ပါမပါ စစ်ဆေးတာနဲ့ ထောက်လှမ်းရေးအရ အသုံးဝင်တဲ့ အချက်အလက် စစ်ဆေးတာကို လူ့ဂုဏ်သိက္ခာကို မထိပါးစေပဲ ဆောင်ရွက်နိုင်ပါတယ်။ ထိန်းသိမ်းခံရသူအနေနဲ့ သူတို့ကို သေဒဏ်စီရင်မယ်လို့ အထင်မှားပြီး အော်ဟစ်တာ၊ ရုန်းကန်တာ၊ လက်နက်မချဖို့ အော်တာတွေ မဖြစ်အောင် ခေါင်းကို အဝတ်နဲ့ အုပ်တာ၊ မျက်လုံးကို စည်းတာတွေကို မလုပ်ဆောင်ရပါဘူး။
အဆင့် (၃) လက်နက်ချမှု အပြီးသတ်ခြင်း
တဖက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူရဲ့ လက်နက်ချမှုဟာ စစ်မှန်တယ်၊ ချွင်းချက်မဲ့ဖြစ်တယ်ဆိုတာကို ထိန်းသိမ်းသူဘက်က လက်ခံပြီးနောက် သူဟာ တဖက်ရဲ့ တိုက်ပွဲဖော်ဆောင်မှုမှာ လုံးဝပါဝင်ဖို့ ဆန္ဒမရှိတော့လို့ အန္တရာယ်မရှိတော့ဘူးဆိုတာကို ထိန်းသိမ်းသူက ဆုံးဖြတ်လိုက်ပြီးပြီဆိုရင်တော့ အဆိုပါ လက်နက်ချသူဟာ ထိန်းသိမ်းထားသူရဲ့ အာဏာသက်ရောက်မှုအတွင်း ကျရောက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ လက်နက်ချသူကို တိုက်ခိုက်ခြင်း၊ ထိခိုက်စေခြင်း လုံးဝမပြုလုပ်ရပါဘူး။ သူတို့ကို မှတ်တမ်းပြုစုပြီးရင်တော့ တပ်ရဲ့ အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းကို လွှဲပြောင်းပေးတာ သော်လည်းကောင်း၊ လုံခြုံရာကို ရွှေ့ပြောင်းပေးတာသော်လည်းကောင်း ပြုလုပ်ရပါမယ်။
အနှစ်ချုပ်ရရင်တော့ နွေဦးတော်လှန်ရေးမှာ လက်နက်ချခဲ့ကြတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကောင်းမွန်စွာ ဆက်ဆံခဲ့ကြတာတွေကြောင့် အလံဖြူပြ လက်နက်ချတဲ့သူတွေ အမြောက်အများရှိလာခဲ့ကြပါတယ်။ နိုင်ငံတကာ ဥပဒေတွေ၊ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ ဆက်လက်ပြီး ဆက်ဆံနိုင်မယ်ဆိုရင် ပိုပြီးလက်နက်ချမယ့် သူတွေများလာပြီး အကြမ်းဖက်စစ်အုပ်စုဟာ ချိနဲ့ ပြိုကွဲသွားစေမှာဖြစ်ပါတယ်။ ။
ကိုထင်
ကိုးကား
https://www.dcaf.ch/sites/default/files/publications/documents/LegalPracticalElementsSurrenderIHL_EN.pdf

